(၂၆)မြို့နယ် အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသူများအား ဂုဏ်ပြုချီးမြှင့်

ကျောင်းကုန်း ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး (၂၆)မြို့နယ် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ယခုလို မြို့နယ်ဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါကြောင်း၊ ပြီးခဲ့သည့်နှစ်က အမျိုးသားရော အမျိုးသမီးပါ တံခွန်စိုက်ဆုဖလား (၂)ခုရရှိခဲ့ပြီး၊ ယခုနှစ်မှာတော့ အမျိုးသမီး တံခွန်စိုက်ဆုသာ ရရှိခဲ့ကြောင်း၊ ဆက်လက်၍ လာမည့်နှစ်တွင် တံခွန်စိုက်ဆု ရရှိအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နည်းပြနှင့် ပြေးခုန်ပစ် အားကစားသမားများက တံခွန်စိုက်ဆုဖလား အပ်နှံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ပြီး၊ ဂုဏ်ပြဆုငွေပေးအပ်ခဲ့သည်။ ထို့နောက် နည်းပြဆရာ ဦးတင်ထွဋ်က ပြိုင်ပွဲ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။

 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃) ဦးမင်းသူအောင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ အသင်းနည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)