မြန်အောင် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်နှင့်ကြံခင်းမြို့နယ် အတွင်း နွေစပါး (၃၀၄၂)ဧက ၊ ဆောင်းနေကြာ (၂၈၆၇) ဧက စုစုပေါင်း (၅၉၀၉)ဧကစိုက်ပျိုးရန်အတွက် ကွန်ချောင်းရေလှောင်တမံမှ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရေစတင်ပေးဝေသွားမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
ယခုနှစ် ကွန်ချောင်းရေလှောင်တမံ၌ ရေလှောင်ပမာဏ (၉၈၄၀၀)ဧကပေ သိုလှောင် ထားရှိပြီး ရေပေးဝေသွားမည်ဖြစ်ကြောင်း၊ ကွန်ချောင်းရေလှောင်တမံ ဆည်ရေဖြင့် နွေစပါးနှင့်နေကြာ သီးနှံစိုက်ပျိုးမည့် ကြံခင်းမြို့နယ်နှင့်မြန်အောင်မြို့နယ်အတွင်းရှိ ဆည်ရေသောက်ကျေး ရွာများမှ တောင်သူလယ်သမားများအား ကြိုတင် အသိပေးထားပြီး မြန်အောင်မြို့နယ်အတွင်း နွေစပါး (၁၅၈၂)ဧက၊ ဆောင်းနေကြာ (၈၁၁)ဧကနှင့်ကြံခင်းမြို့နယ်အတွင်း နွေစပါး (၁၄၆၀) ဧက၊ ဆောင်းနေကြာ (၂၀၅၆) ဧက စိုက်ပျိုးနိုင်ရန် ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ကွန်ချောင်းရေလှောင်တမံ လက်ဝဲလက်ယာမြောင်း မကြီးများအပါအဝင် လက်တံမြောင်း များနှင့် တိုက်ရိုက်လက်တံခွဲမြောင်းများတွင် ရေစီးရေလာ ကောင်းမွန်ရေး အတွက်ဆောင် ရွက်ထား ရှိကြောင်းနှင့်နွေစပါးစိုက်ပျိုးရာတွင် ရေညီညွတ်မျှတစွာရရှိရေးအတွက် ဆည်ရေအသုံး ချသူများအဖွဲ့(WUG) များဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း မြန်အောင်မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေးထံမှသိရှိရသည်။
ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)