ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်

လွိုင်ကော်   ဒီဇင်ဘာ   ၁၃

ကယားပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုး၊ မွေးမြူရေးတောင်သူများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲ ကျင်းပခြင်း၏ အဓိကရည်ရွယ်ချက်သည် ပြည်နယ်အတွင်းစီးပွားရေးလုပ်ငန်းများအလိုက် အရည်အသွေးမြင့်ထုတ်ကုန်များ ပေါ်ထွက်လာစေရန်အတွက်ဖြစ်ကြောင်း၊ ကယားပြည်နယ်၏အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ မြေနှင့်ရေသဘာဝအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချနိုင်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မြေဩဇာ၊ မျိုး ၊ ရေရရှိရေးနှင့်  နည်းပညာပိုင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအသီးသီးက ကူညီဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သား/ငါးဖူလုံအောင် ထုတ်လုပ်ပေးနိုင်ရေးအတွက် တစ်နိုင်တစ်ပိုင်မွေးမြူရေးမှသည် တစ်အုပ်တစ်မ မွေးမြူနိုင်သည့် အဆင့်ရောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို  ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် တီထွင်ဖန်တီးမှုနှင့် နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးပြီး MSMEs လုပ်ငန်းများမှထွက်ရှိလာသည့် ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်ရရှိအောင် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသောလုပ်ငန်းရှင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး စိုက်ပျိုး၊ မွေးမြူရေးတောင်သူများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို မေးမြန်းကာ လုပ်ငန်းများအဆင်ပြေချောမွေစွာ ဆောင်ရွက်နိုင်ကြစေရေး အကြံပြုပြောကြားခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက “ရေရှည်တည်တံ့သော လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးက “အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးမှုဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက “ဘေးအန္တရာယ်ကင်းရှင်းပြီး အထွက်နှုန်းကောင်းသောသီးနှံများ စိုက်ပျိုးထုတ်လုပ်ရန်အတွက် လိုက်နာရမည့်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက “တန်ဖိုးမြှင့် မွေးမြူရေးထုတ်ကုန်ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက “အစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် စီးပွားရေးစီမံကိန်းရေးဆွဲနည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ ဌာနဆိုင်ရာများ ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတောင်သူများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကိုဇင်(လွိုင်ကော်)