စစ်ကိုင်း ဒီဇင်ဘာ ၁၂
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေး” အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယမန်နေ့၊ မွန်းလွဲ(၃)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးပြီး ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးအတွက် ဥပဒေ/နည်းဥပဒေများ၊ စားသုံးသူများ၏ အခွင့်အရေးများ၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များ၏ သက်မှတ်စည်းကမ်းချက်များ၊ ဥပဒေ/ နည်းဥပဒေများ၊ သက်မှတ်စည်းကမ်း ဥပဒေများမလိုက်နာပါက ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ် များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများ ဝယ်ယူသုံးစြွရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးမည့် ရက်စွဲများ၊ ဆက်သွယ်ရန်လိပ်စာ ပါ/မပါ စသည်တို့ကို ကြည့်ရှုပြီးမှ ဝယ်ယူအသုံးပြု သွားကြစေလိုကြောင်း စသည်ဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာများရရှိစေရန် ဟောပြောပွဲများ ကျင်းပခြင်း၊ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ Talk Show များဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် လူငယ်အသိညာပေး စကားဝိုင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်