လက်ပံတန်းမြို့နယ်၌  အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ စာပေနှင့်ရင်းနှီး ကျွမ်းဝင်စေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုတ်တွင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် ၉နာရီက နယ်လှည့်စာကြည့်တိုက် အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်မည့်သူများ ဖြစ်သည့်အတွက် ဗလငါးတန်ပြည့်စုံစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ မျိုးချစ်စိတ် ရှင်သန်ရေးရှိကြစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကို ဟောပြောကာ၊ ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့ကို ဟောပြောခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းက  ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ် များဖြင့် ပုံပြင်ပြောခြင်း၊ ကိုယ်လက်လှုပ်ရှား ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။  ထို့နောက် ကျောင်းသား၊  ကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ  ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)