ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁၃

အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြခတ် (မူလွန်)ကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားမှူးဒေါ်စောမာလာက ယနေ့ခေတ်သည် တိုးတက်နေသော ခေတ်ဖြစ်သဖြင့် ခေတ်နှင့်အညီရင်ဘောင်တန်းနိုင်အောင် အင်တာနက်၊ အီးမေးလ်စသည့် သတင်းအချက်နည်းပညာတို့တွင်လည်း ကျွမ်းကျင်မှုရှိရန် လေ့လာထားသင့်ကြောင်း၊ ခေါင်းဆောင်သည်မိမိ၏ အားသာချက် အားနည်းချက်များကို အမြဲသုံးသပ်ပြီး အားသာချက်များကိုပို၍ကောင်းအောင်၊ အားနည်းချက်များကို အားသာချက်ဖြစ်လာအောင် ဆင်ခြင်၍ ပြုပြင်သွားဖို့လိုအပ်ပါကြောင်း၊ ခေါင်းဆောင်သည်သူတစ်ပါးကို ဝေဖန်နိုင်သည့် ဉာဏ်ပညာ အရည်အချင်းနှင့် သတ္တိရှိဖို့လိုသလို မိမိကိုယ်ကို ဝေဖန်လာလျှင်လည်း ခံနိုင်ရည်ရှိဖို့လိုအပ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်နှင့်မျိုးချစ်စိတ်ကဏ္ဍခေါင်းစဉ်ဖြင့် နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရေး အထူးလိုအပ်ကြောင်းနှင့် လူငယ်လူရွယ်များ စိတ်ဓာတ်ရေးရာ မြင့်မားပြီး မှန်ကန်သော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစေလိုကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ ဆက်)