တောင်ငူ၌ မြို့ဝင်၊ မြို့ထွက်နေရာများရှိ စစ်ဆေးရေးဂိတ်များတွင် နေ့ညမပြတ် စစ်ဆေးဆောင်ရွက်မှုများပြုလုပ်

တောင်ငူ စက်တင်ဘာ ၂၂

ကိုဗစ်-၁၉ ကာလအတွင်း တောင်ငူမြို့နယ် အတွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်နှင့် လူပုဂ္ဂိုလ်များအား နေ့စဉ်/ညစဉ် စစ်ဆေးဆောင်ရွက်ရန် မြို့သို့ဝင်ရောက်သည့် နေရာများ၌ စစ်ဆေးရေးဂိတ် (၄)ဂိတ်ထားရှိကာ မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ပရဟိတအသင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ပူးပေါင်းပါဝင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့သို့ ဝင်ရောက်သည့် အမြန်လမ်းမှတစ်ဆင့် လမ်းပိုင်းအပါအဝင်  မြို့ဝင်မြို့ထွက်ဂိတ် များ၌ ဝင်ရောက်ကြသည့် ခရီးသည်တင်ယာဉ်များ၊ မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များ၌ လိုက်ပါကြသူများအား တာဝန်ရှိသူများက ခရီးသွားမှတ်တမ်းများ စစ်ဆေး​မေးမြန်းဆောင်ရွက်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာခြင်းများ ဆောင်ရွက်ပေးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်ငူမြို့နယ်အတွင်းသို့ ဝင်ရောက်ပါက နှာခေါင်းစည်း များ တပ်ဆင်လာကြရန် အသိပေးကြေညာထားကြောင်းလည်း  သိရသည်။

ဇော်ထက် (တောင်ငူ)