အထောင်မြို့ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်

ကျုံပျော် ဒီဇင်ဘာ ၁၃

မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ စားရေရိက္ခာများ ဆုံးရှုံးမှု မရှိစေရေးနှင့် အမှိုက်ကင်းစင်၍ ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင် ဖြစ်စေရေးတို့အတွက် ဈေးမီးဘေးလုံခြုံရေးနှင့် သန့်ရှင်းမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ခြင်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ စည်ပင်သာယာဈေး အတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊  ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ စျေးအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးကာ  မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက်  လဲလှယ်သင့်သည့် မီးသတ်ဆေးဘူးများ ၊ ပစ္စည်းများ အမြန်ဆုံး လဲလှယ်ဆောင်ရွက်ရေး၊ လိုအပ်ချက်ရှိပါက သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက် ရေးနှင့် စျေးအတွင်း သန့်ရှင်း သပ်ရပ်မှုရှိစေရေးအတွက်   စျေးရောင်းသူများမှ မိမိစျေးဆိုင် ၀န်းကျင်အားပုံမှန်သန့်ရှင်းရေး ဆောင်ရွက်စေ‌ရေးတို့ကို စျေးတာ၀န်ခံမှ ကြပ်မတ်စစ်ဆေးခြင်း ပြုလုပ်သွားရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အထောင်မြို့တွင် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ပြည်သူများလိုက်နာရန် မီးသတိပြုရမည့် အချက်များကို မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံသတိပေး ကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ၊ မြို့ရွာ သန့်ရှင်းသာယာလှပရေး အတွက်လည်းဝန်ထမ်းများ၊ ရပ်ကွက် ပြည်သူများပူးပေါင်းကာ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လပြည့်ဦး (ပြန်/ဆက်)