အင်းတော် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ၂၀၂၀ ခုနှစ်၊ ယနေ့ နံနက်ပိုင်းက အင်းတော်မြို့ မြို့မဈေးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာနှင့်အဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါသည် မိမိတို့ မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားလျက် ရှိပြီး ကူးစက်ပြန့်နှံ့မှုနှုန်း မြှင့်တက်နေသည့်အတွက် ဒေသအတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ ကူးစက်မှု၊ ကာကွယ်ရန် နည်းလမ်းများ၊ နေထိုင်ရမည့် နည်းလမ်းများကို သိရှိနိုင်ရေးအတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် လည်းကောင်း ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဖြန့်ဝေ သော ကိုဗစ်-၁၉ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်အား ဖြန့်ဝေပေးရခြင်း ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ထုတ်ပြန်ထားရှိသော ဒေသန္တရအမိန့်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ထိန်းချုပ်နိုင်ရေး၊ ကူးစက်မှုများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ အင်းတော်မြို့တွင် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ကူးစက်ခံရသူ ပြည်တွင်း ပြန်ပုဂ္ဂိုလ်တစ်ဦးအား တွေ့ရှိခဲ့ရကြောင်း၊ ၎င်းရောဂါပိုး ကူးစက်ခံရသူနှင့် ဆက်စပ်လျက်ရှိသော ပုဂ္ဂိုလ်များအား Swab နမူနာရယူစစ်ဆေးခဲ့ပြီး အဆိုပါ ဆက်စပ်သူများတွင် ရောဂါပိုး ကူးစက်ခံထားရခြင်း မရှိပါကြောင်း၊ မိမိတို့ အင်းတော်မြို့နယ် အနေဖြင့် ပြည်ပပြန်ပုဂ္ဂိုလ်များ၊ ပြည်တွင်း ပိုးတွေ့ရှိရာ ဒေသမှ မြို့နယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာသူများကို သက်ဆိုင်ရာကျေးရွာများရှိ Facality Quarantine Centre များတွင် စောင့်ကြပ်ကြည့်ရှု၍ Swab နမူနာများ ရယူစစ်ဆေးလျက် ရှိပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦး စီးမှူး ဦးကျော်သီဟ က ပြောပြခဲ့သည်။
အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ အသိ ပညာပေး သတင်း စကား လက်ကမ်းစာစောင် စောင်ရေ (၁၀၀) ကို မြို့မဈေးအတွင်းရှိ ဈေးသူ ဈေးသားများနှင့် အများပြည် သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်သီဟ