ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး‌နှင့် လူကုန်ကူးမှုကြိုတင်ကာကွယ်တားဆီးရေး ဆွေးနွေးဟောပြော

အုတ်တွင်း ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး‌နှင့်လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကလေးသူငယ်အခွင့်အရေး၊ ပြဌာန်းချက်၊ ဥပဒေ၊ နည်းဥပဒေများအား ကလေးများ ကိုယ်တိုင်သိရှိနားလည်‌နိုင်စေရန်နှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ဟင်းငုတ်ပင် အထက(ခွဲ)၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်ကို ၁၉၉၁ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၃ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုလည်းကောင်း၊၂၀၀၁ခုနှစ်တွင် ကလေးသူငယ်နည်းဥပဒေကိုလည်းကောင်း ပြဌာန်းနိုင်ခဲ့ပါကြောင်း၊ ၁၉၉၃ခုနှစ် ကလေးသူငယ်ဥပဒေတွင် လိုအပ်ချက်များရှိနေသည့်အတွက် ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ပြင်ဆင်ပြဌာန်းခဲ့ပါကြောင်း၊ ထို့အပြင် ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (NCRC)ကို ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် CRC ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီသည် ကလေးသူငယ်များ၏ အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်များ ရရှိ‌ရေးဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းများ ဆောင်ရွက်ရန်တာဝန်ရှိသည့်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်အလိုက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများမှ အစည်းအဝေးများ ပြုလုပ်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်အဖြစ် အသိပညာပေးအစီအစဉ်များ ထည့်သွင်းရေးဆွဲထားပါကြောင်း၊

ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူလူထုပိုမိုသိရှိနိုင်ရေး အသိပညာပေး အစီအစဉ်များကို ယခုနှစ်တွင် အခြေခံပညာကျောင်းများ၌ ပြုလုပ်ရန်စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိရာ ကျောင်းပေါင်း ၁၄၂ကျောင်းအား ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အုတ်တွင်းမြို့နယ်တွင်လည်း ယခုနှစ် ဇူလိုင်လ ၅ ရက်က အထကအုတ်တွင်းကျောင်း၌ ပြုလုပ်ပေးခဲ့ပြီး ယခုကျောင်းက ဒုတိယမြောက် ပြုလုပ်သည့်ကျောင်းဖြစ်ပါကြောင်း၊ ယခုအသိပညာပေး အစီအစဉ်မှကလေးများ၏ အခွင့်အရေးများကိုသိရှိပြီး မိမိတို့ကိုယ်တိုင်လိုက်နာရမည့် ကျင့်ဝတ်များ၊ စည်းကမ်းများ၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးခံရခြင်းတို့နှင့် ပတ်သက်၍ အသိပညာများကို သိရှိမည်ဖြစ်ပြီးရှောင်ရှားရမည့် အချက်များကိုလည်း သိရှိနိုင်မည်ဖြစ်၍ များစွာအကျိုးရှိမှာဖြစ်သည့်အတွက် သေချာနားထောင်မှတ်သားလိုက်နာကြရန် မှာကြားလိုကြောင်း၊ ယခုအသိပညာပေး အစီအစဉ်ကို တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း‌ ဆွေးနွေးပြောကြားသည်။

ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စမ်းသီတာက” ကလေးသူငယ်အခွင့်အရေး ၊ကလေးကိုယ်တိုင်သိရှိနားလည်ရေး “ခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကိုကိုနိုင်က လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးအတွက် လူကုန်ကူးမှုဖြစ်ပွားနေသည့် ဦးတည်နိုင်ငံများအကြောင်း၊ လူကုန်ကူးမှုပုံစံများအကြောင်း၊ လူကုန်ကူးမှုအဓိပ္ပာယ်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကြိုတင်ကာကွယ်တားဆီးခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

အဆိုပါအသိပညာပေး‌ဟောပြောပွဲသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်သဇင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် Grade 8နှင့် Grade 9 မှ ကျောင်းသား ကျောင်းသူ ၁၅၂ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)