ဒိုက်ဦးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ

ဒိုက်ဦး ဒီဇင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေး ပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်း‌ကျောင်းပတ္တမြားခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူငယ်များ အသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က “လူငယ်စကားဝိုင်း” ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် “လူငယ်စကားဝိုင်း" စတင်ကျင်းပဆောင်ရွက်ပါသည်။

လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်နှင့် ကျောင်းသား/ သူ(၅)ဦးတို့က ဆောင်ရွက်ကာ လူငယ်နဲ့အခွင့်အလမ်း၊ လူငယ်နှင့်အောင်မြင်မှု၊ လူငယ်တွေကိုယုံပါ၊ လူငယ်နဲ့အထက်တန်းစိတ်ဓာတ်၊ လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင် စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းဦး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒုတိယပညာရေးမှူး ဦးထွန်းထွန်း၊ အမှတ်(၂) အခြေခံပညာအထက်တန်း‌ကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၁၅၀)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)