(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများပြုလုပ်

ခမောက်ကြီး ဒီဇင်ဘာ ၁၃

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဆိုင်ရာနံရံကပ်စာစောင်ပြပွဲနှင့် မှတ်တမ်းဓာတ်ပုံပြပွဲများကို ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ ညနေပိုင်းက ပြသခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြဘုတ်တွင် မြန်မာ့လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်၁၉၄၈၊ ဇန်နဝါရီလ (၄)ရက်နေ့၌ အလံတော်တင်အခမ်းအနားပြုလုပ်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်ကြီးများ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ကာတွန်းရုပ်ပုံများစသည်တို့ပါဝင်သည်။

ယင်းနံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများကို ကျောင်းသား/သူ၊ လူငယ်လူရွယ်များ မိမိတို့နိုင်ငံ၏ အထင်ကရနေ့ထူးနေ့မြတ်များကို အစဉ်အမှတ်ရစေရန်နှင့်  အသိပညာဗဟုသုတတိုးပွားစေရန် မျှော်တွေး၍ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရူပါမြင့် (ခမောက်ကြီး)