လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်း ကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ ဟင်္သာခန်းမတွင် ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် "နိုင်ငံတော်မှ လူငယ်များ၏ အခန်းကဏ္ဏကို ဦးစားပေး မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံပညာကျောင်းသင်ခန်းစာများသာမက ပြင်ပအသိပညာ ဗဟုသုတများ ပြည့်စုံစေရန် လူငယ်စကားဝိုင်းများကို ကျင်းပပေးလျက်ရှိတာကို တွေ့မြင် နေရကြောင်း၊ မိမိတို့ကျောင်းမှ ပါဝင်ဆွေးနွေးမည့်သူနှင့် အခြားသောကျောင်းများမှ ပါဝင်ဆွေးနွေးကြမည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကြိုဆိုပါကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်နားထောင်ကြမည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း မိမိတို့ မသိရှိရသေးသည့် အကြောင်းအရာများစွာ ပါဝင်လာနိုင်သည့်အတွက် အလေးထား၍ မှတ်သား ကြပါရန်" ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပြန်/ဆက်မှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းပြပြီးနောက် စီစဥ်ညှိနှိုင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ပေးပြီး စကားဝိုင်းကို စတင်ကျင်းပပါသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် မအိန္ဒြေခြူးငုံက လူငယ်နှင့်စာဖတ်ခြင်း၊ မမြသိင်္ဂီက လူငယ်နှင့် မူးယစ်ဆေးဝါးများအန္တရာယ်၊ မအဥ္ဇလီချမ်းမြေ့က လူငယ်နှင့်အားကစား၊ မအင်ကြင်းခိုင်က လူငယ်နှင့်ကျန်းမာရေး၊ မောင်ဖြိုးခန့်ကျော်က လူငယ်နှင့်ဘာသာစကား စသည့် ခေါင်းစဥ်များဖြင့် ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ခရိုင်ပြန်/ဆက်ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ လူငယ်စကားဝိုင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ခရိုင် မြို့နယ်များတွင် ကျင်းပလျက်ရှိရာ ပြန်/ဆက်ဦးစီးဌာနအနေဖြင့် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အချင်းချင်း ပူးပေါင်းညှိနှိုင်း တိုင်ပင်ဆွေးနွေးတတ်စေရန်နှင့် လူအများနှင့်ဆက်သွယ်ပြောဆိုရာတွင် အချက်ကျကျနှင့် ပြောတတ်ဆိုတတ်သည့် နှုတ်မှုစွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းတွင် ဟင်္သာတမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများအပြင် ကိုယ်ပိုင်အထက်တန်းကျောင်းများဖြစ်သည့် ဂုဏ်ထူးပန်းခင်းနှင့်၊ ကြယ်တံခွန် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသူများ ပါဝင်ဆွေးနွေးကြောင်းသိရသည်။

ကိုဇော်(ဟင်္သာတ)