ရွှေကျင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ

ရွှေကျင် ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် အခြေခံပညာ အလယ်တန်း‌ ကျောင်း(ခွဲ)တွင်  လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်များရရှိပြီး စာပေမှရရှိသည့် အသိပညာများဖြင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာ အလယ်တန်း‌ ကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးခင်ဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ကျောင်းသူ(၅)ဦးတို့က တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ကျောင်းအုပ်ဆရာကြီး ဦးခင်ဝင်းနိုင်တို့က ဆွေးနွေးကြရာ Grade(8)မှ ကျောင်းသူမဆုမြတ်မွန်က လူငယ်နှင့် မူးယစ်ဆေးဝါး၊ Grade(8)မှ ကျောင်းသူမသီရိထက်စံက လူငယ်နှင့်အားကစား၊ Grade(9)မှ ကျောင်းသူမရှင်းမင်းမင်းခန့်က  လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊  Grade(9)မှ ကျောင်းသူမအိန္ဒြေအေးက  လူငယ်နှင့်အနာဂတ်၊ Grade(9)မှ ကျောင်းသူမခင်သုတစံက လူငယ်နှင့်ကျန်းမာရေး အစရှိသည့် ခေါင်းစဉ်အလိုက် အကြောင်းအရာများအား ဆွေးနွေး သွားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည် ဆွေးနွေးခဲ့ကြပြီး ဟောပြောဆွေး‌ နွေးကြသည့် ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများမှ ဗလာစာအုပ်များနှင့် ငွေသားများအား ချီးမြှင့် ပေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၉၀)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)