ပေါက်ခေါင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

ပေါက်ခေါင်း ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်း ဖွဲ့စည်း၍ ကျေးရွာများအ‌ရောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို  ယမန်‌နေ့ မွန်းလွဲ  ၁  နာရီက  ငါးခူအိုင်ကျေးရွာအုပ်စု၊‌ အောင်မြင်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။

အဆိုပါကျေးရွာ ပြည်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့များသည် တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမြင့်မားရေးနှင့်ပညာ‌ရေး၊ ကျန်းမာရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အီးအမ်ဘိုကာရှီသဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း၊ အပင်ကိုင်းကူးကိုင်းဆက် စိုက်ပျိုးနည်း၊‌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသကြက်များ ရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းနှင့် နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆပ်ပြာဆီချက်လုပ်အသုံးပြုနည်းတို့ကို တက်ရောက်လာသည့်‌ ဒေသခံပြည်သူများအား လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)