ပေါင်းတည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကောက်ယူရေးညှိနှိုင်းအစည်းအဝေးကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၁၂

 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ဌာနဆိုင်ရာများမှ ဦးစီးမှူးများ၊ တာဝန်ခံအရာရှိများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသန့်က မြေပြင်လူဦးရေးစာရင်းတိကျမှန်ကန်စွာကောက်ယူ စာရင်းရရှိရေးအတွက် ရှင်းလင်းပြောကြားသည်။ ယင်းနောက်

စာရင်းကောက်ယူ ဆောင်ရွက်ပေးမည့် ဌာနဆိုင်ရာဝန်ထမ်းအင်အား လိုအပ်ချက်နှင့် မြေပြင်လုပ်ငန်းအခြေအနေများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်က ရှင်းလင်းတင်ပြသည်။ ထို့နောက် ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးကာ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းအင်အားစာရင်းများပြုစုပေးခဲ့ကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက်)