ကြံခင်း စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် ဈေးရောင်းချ သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့မဈေးတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းသည် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ရောင်းချသည့်ဆိုင်များအား စက်တင်ဘာ(၂၁)ရက်နေ့မှစပြီး နေ့စဉ်နံနက်(၆)နာရီမှနေ့လယ် (၂)နာရီအထိ ဖွင့်လှစ်ရောင်းချရန်နှင့် ကျန်ရှိနေသော ကုန်မာဆိုင်၊ အထည်ဆိုင်၊ စတိုးဆိုင်စသည့် ဆိုင်များအား ယာယီပိတ်သိမ်းထားရန် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အန္တရာယ်မှ ကင်းဝေးစေရန် ကြိုတင်ကာကွယ်ထိန်းချုပ် ဆောင်ရွက်ထားပြီး စနစ်တကျ ရောင်းချခြင်း ရှိ/မရှိတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပူးပေါင်းကြပ်မတ် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)