ဇီးကုန်း ဒီဇင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးသုံးစွဲမှုစနစ်တကျရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက် အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးခဲ့သည်။
ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းကြိုင်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှူများ၊ မီးဖိုများအား လုံခြုံစိတ်ချရသော အကာအရံများဖြင့် အသုံးပြုစေရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အဆင်သင့်ဆောင်ရွက်ထားရှိမှုများနှင့် လျှပ်စစ်မီးသုံးစွဲရာတွင်လည်း စနစ်တကျ သုံးစွဲစေရေးတို့ကို စစ်ဆေးခဲ့ကြပြီး၊ မီးကြွင်းမီးကျန်များ မရှိစေရေး၊ မီးအသုံးပြုနေချိန်တွင် လူအမြဲရှိနေစေရေး၊ သတ်မှတ်ချိန်အတွင်း၌သာ မီးကိုစနစ်တကျ သုံးစွဲကြရန်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်ကြရန်တို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား ရပ်ကွက်ကျေးရွာများတွင် အသံချဲ့စက်ဖြင့်အပတ်စဉ်လိုက်လံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)