ပြည်မြို့တွင် "လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု" (Case Management System) သင်တန်းဖွင့်လှစ်

ပြည် ဒီဇင်ဘာ ၁၂

ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် "လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု" (Case Management System) သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉နာရီက ပြည်ခရိုင်လူမှုဝန်ထမ်းရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်က သင်တန်းဖွင့်အမှာစကား ပြောကြား သည်။

ထို့နောက် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် " လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသည် လူမှုရေးအခက်အခဲများကို တုန့်ပြန်ဖြေရှင်းရန် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော အမျိုးသားအဆင့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ စနစ်တကျ လေ့ကျင့်ပေးထားသော ဝန်ထမ်းများပါဝင်သည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများနှင့် နည်းပညာဆိုင်ရာပံ့ပိုးပေးနိုင်သည့် လူမှုရေးရာဖြစ်ရပ်ကြီးကြပ်သူများပူးပေါင်းကာ လူမှုရေးဝန်ဆောင်မှုလိုအပ်နေသော ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ ဆယ်ကျော်သက်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ဆက်စပ်ဝန်ဆောင်မှုများချိတ်ဆက်၍ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုလတ်တလောဦးစားပေးအနေဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်ခံရမှု၊ နစ်နာဆုံးရှုံးမှုများ၊ မလျော်မကန်ပြုမူခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ လူကုန်ကူးခြင်းစသည့် အခြေအနေအမျိုးမျိုးတို့ကို ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ဖြေရှင်းဆောင်ရွက်ရာတွင် ဖြစ်ရပ်လက်ခံစာရင်းသွင်းခြင်း၊ ဖြစ်ရပ်ဆန်းစစ်သုံးသပ်ခြင်း၊ ဖြစ်ရပ်အစီအစဉ်ရေးဆွဲခြင်း၊ ဖြစ်ရပ်အကောင်အထည်ဖော်ခြင်း၊ နောက်ဆက်တွဲလေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း၊ ဖြစ်ရပ်ပိတ်သိမ်းခြင်း စသည့်လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ် အဆင့်(၆)ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အသက် ၁၈နှစ်အောက်ဖြစ်ရပ်များကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်အရလည်းကောင်း၊ အသက် ၁၈နှစ်အထက်ဖြစ်ရပ်များကို ကျား/ မအခြေပြုအကြမ်းဖက်တုန့်ပြန်မှု လုပ်ငန်းစဉ်အရလည်းကောင်း ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသော စေတနာ့ဝန်ထမ်း သင်တန်းသား/ သူများအနေဖြင့် မိမိတို့ရပ်ရာအတွင်း အန္တရာယ်ကျရောက်လွယ်သူများကို ထိရောက်စွာကူညီပေးနိုင်ရန်၊ အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးငယ်များနှင့် အမျိုးသမီးများအတွက် ဥပဒေအရ ရသင့်ရထိုက်သည့် အကာအကွယ်များရရှိရန် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းဖြင့် ပြောကြားသည်။

အဆိုပါသင်တန်းသို့ ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်သည့် သင်တန်းသား/ သင်တန်းသူစုစုပေါင်း (၃၀)ဦး တက်ရောက်ပြီး သင်တန်းတွင် "ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ အုပ်စုလုပ်ငန်းများ/ လက်တွေ့ဖြစ်ရပ်များ ဖြေရှင်းခြင်း၊ အကြမ်းဖက်ခံရသူများအတွက် ဝန်ဆောင်မှုပေးခြင်း၊ စိတ်လူမှုရေးဆိုင်ရာပံ့ပိုးမှုများနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအကြောင်းတို့ကို ယခုဒီဇင်ဘာ ၁၂ရက်မှ ၁၄ရက်နေ့အထိ သင်တန်းကာလသုံးရက်ကြာ သင်ကြားပို့ချဆောင်ရွက်မည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းရုံးမှ သိရသည်။

ကိုဆက် (ပြန်/ဆက်)