ထားဝယ်ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

ထားဝယ်   ဒီဇင်ဘာ  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက ထားဝယ်ခရိုင်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများကို ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်ကော်မတီဝင်များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေ ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ် ခြင်းမရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့်ဖွံ့ဖြိုး တိုးတက်စေသောမူ၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်များကိုအလေးပေး စေသောမူဆိုသည့် အချက်များကို အခြေခံထားပြီး ကော်မတီဝင်များ တာဝန်ယူဆောင်ရွက်နေကြသောအခန်းကဏ္ဍများတွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင် ဆောင် ရွက်ခွင့်စသည့် ကလေးသူငယ်အခွင့်အရေးများရရှိရန် ဦးတည်ဆောင်ရွက် ပေးသွားကြရန်လိုအပ် ကြောင်းပြောကြားသည်။

ထို့နောက်ကော်မတီအတွင်းရေးမှူးက  ကော်မတီများဖွဲ့စည်းထားရှိမှုအခြေအနေ၊ ခရိုင်အတွင်းကလေး သူငယ်ဆိုင်ရာဆောင်ရွက်ချက်များ၊ မီခင်ဝိုင်းများအား ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်း လင်းတင်ပြရာကော်မတီဝင်များက ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေများနှင့် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ငွေဇင်ယော်(ထားဝယ်)