တောင်ငူလူထုအခြေပြုဗဟိုဌာန၌ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်း ဖွင့်လှစ်

တောင်ငူ ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ  ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်)အပ်ချုပ်သင်တန်းကို ယနေ့ နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

သင်တန်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက အဖွင့်အမှာစကားပြောကြားပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (တောင်ငူ)မှ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

၄င်းသင်တန်းကို  ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့အထိ တစ်လအကြာ ဖွင့်လှစ်မည်ဖြစ်ပြီး  သင်တန်းသူ ၂၀ ဦး တက်ရောက်လျက်ရှိရာ သင်တန်းနည်းပြများက မိန်းမဝတ်(အဆင့်မြင့်) အပ်ချုပ်ဘာသာရပ်များအဖြစ် ကော်လံအဝိုင်းလက်ပြတ်အင်္ကျီ၊ ရင်ဖြတ်ဆက်၊ စံပယ်ဖူးလက် အင်္ကျီချုပ်နည်း၊ ခေါက်ကော်လံအင်္ကျီချုပ်နည်း၊ စတစ်ကော်လံအင်္ကျီချုပ်နည်း၊ အမျိုးသမီးဝတ် ကုတ်အင်္ကျီချုပ်နည်း၊ ရင်ဖုံးပုံဆန်း အင်္ကျီချုပ်နည်း၊ ချိတ်စကပ်ချုပ်နည်း၊ လေးလွှာစကပ်ချုပ်နည်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ အပ်ချုပ်နိုင်ရန် စာတွေ့ လက်တွေ့ လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကာ သင်တန်းဆင်းချိန်၌ ထူးချွန်သည့် သင်တန်းသူ တစ်ဦးကို အပ်ချုပ်စက် တစ်လုံး ချီးမြှင့်ပေးအပ်မည်ဖြစ်သည်။

တောင်ငူမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းအနေဖြင့်  ကျောင်းအခြေပြု၊ ရပ်ရွာအခြေပြု (အခြေခံ/ အဆင့်မြင့်) အပ်ချုပ်သင်တန်းများကို  အပတ်စဉ်(၅)ခုအထိ ဖွင့်လှစ်ခဲ့ပြီးသင်တန်းသား သင်တန်းသူ (၂၁၃) ဦးကို သင်ကြား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း  ထူးချွန်သည့် သင်တန်းသား (၁) ဦးနှင့် သင်တန်းသူ (၄)ဦး ကို အပ်ချုပ်စက် တစ်လုံးစီ ပေးအပ်ချီးမြှင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်