ခန္တီး ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆင်သေကျေးရွာ အ.ထ.က ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးစောသီဟဝင်းက အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်မူမူထွန်းက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင် သိရှိနားလည်ရေး၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းစို့၊ မိုင်းအန္တရာယ် အသိပညာပေးခြင်း ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝင်းနုက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြရာ ကျောင်းအုပ် ဆရာကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှခင်းကျင်း ပြသထားသည့် စာအုပ်/စာစောင်များအား ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)