မိုးညိုမြို့နယ်၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်

မိုးညို ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်စေလိုကြောင်း၊ မိမိပတ်ဝန်းကျင်တွင်လူကုန်ကူးမှုနှင့် ပတ်သက်ပြီး မသင်္ကာဖွယ်ရာများတွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်သတင်းပို့ဆောင်ရန်တို့ကို အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် သာယာဝတီခရိုင် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၁/၂၀၂၂)ဖြင့် အတည်ပြု ပြဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ဆွေးနွေးခြင်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ လူကုန်ကူးမှုဖြစ်ပွားစေနိုင်သည့်အကြောင်းအရာများ၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်စဉ်များနှင့်ရပ်ကွက်ကျေးရွာများအတွင်း ကလေးသူငယ်များ လူကုန်ကူးမှု ကျူးလွန်ခံရခြင်းမရှိစေရေး၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ လိင်အမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်းနှင့်အဓမ္မပြည့်တန်ဆာပြုလုပ်ခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံနိုင်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းကို ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များဖြစ်သည့် သင်တန်းသား (၁၃၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာ ၁၂ ရက်နေ့မှ   ရက်နေ့မှ ၁၄ နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)