မြောင်းမြ ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြမြို့ အ.ထ.က (၃)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း အစီအစဥ်တင်ဆက်သူ အဖြစ်ဆောင်ရွက်ပြီး၊ မြောင်းမြမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာကြီးကျင်စိုးက ဦးဆောင် ဖြည့်စွက်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပါသည်။ Grade-10မှ မောင်ကျော်လွင်ဦးက လူငယ်နှင့် အားကစား၊ မဖူးပွင့်ခိုင်က လူငယ်နှင့်ယဥ်ကျေးမှု၊ မငုဝါခိုင်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade- 11မှ မအေးနန္ဒာလွင်က လူငယ်နှင့်မျိုးချစ်စိတ် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့သည်။
ထိုနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင် ဆွေးနွေးပေးသော မြောင်းမြမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာကြီးဦးကျင်စိုးအား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ပြီးနောက် အ.ထ.က ၃ ကျောင်းအုပ်ကြီးက နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
မြောင်းမြခရိုင်ပြန်ဆက်