သဲကုန်း ဒီဇင်ဘာ ၁၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက အဖွင့်အမှာစကားပြောကြားရာ ကျောင်းသား၊ ကျောင်းသူများနှင့်လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အလေးထားမြတ်နိုးတတ်စေရန်၊ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ လွတ်လပ်ရေးနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှဦးထက်ပိုင်မင်း (ကိုပိုင်-သဲကုန်း) က လွတ်လပ်ရေးရရှိရေးအတွက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ လွတ်လပ်ရေး၏ အဓိပ္ပါယ်၊ လွတ်လပ်ရေး၏ အနှစ်သာရစသည်တို့ကို အသိပညာပေးဟောပြောသည်။
ထို့နောက်တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ် စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးနံရံကပ် စာစောင်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်