ဒေးဒရဲမြို့ အမှတ်(၁) အ​​ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက  လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် အနုပညာ၊ လူငယ်နှင့် စာပေစသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်သိမ့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အေဇာလင်း