ငဖဲ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ကုလားပဲ ၃၉၃၇ ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ ပဲစိုက်ခင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံအဖြစ် ကုလားပဲ ၅၉၇၄ ဧကကို စိုက်ပျိုးရန်လျာထား ဆောင်ရွက်ခဲ့ရာ ယနေ့ထိ ကုလားပဲ ရေဆင်း (၄) မျိုး (၁၂၃၃) ဧက၊ ရေဆင်း (၆) မျိုး (၁၄၃၃) ဧကနှင့် ရေဆင်း(၁၂)မျိုး (၁၂၇၁) ဧက စုစုပေါင်း (၃၉၃၇) ဧကအထိ စိုက်ပျိုးပြီးစီးခဲ့ပြီး ဒေသခံတောင်သူများအနေဖြင့် လျာထား ချက်ပြည့်မီရေး စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ငဖဲမြို့နယ်အနေဖြင့် ယမန်နှစ်က ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ကုလားပဲ (၅၉၇၄) ဧကကို စိုက်ပျိုးခဲ့ရာ အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ကုလားပဲသီးနှံကို ပန်းထိမ်းအုပ်စု၊ဆင်ချည်တိုင်ကျေးရွာအုပ်စု၊ဆူးပဒေါင်း ကျေးရွာ အုပ်စု၊ ပဒါန်းကျေးရွာအုပ်စုနှင့် မာန်အောင်ကျေးရွာအုပ်စုတို့တွင် အများဆုံးစိုက်ပျိုးကြကာ မျိုးစေ့ဖိုး၊ ထွန်ခ၊ ပေါင်းရှင်းခ၊ ဆေးဖိုးအပါအဝင် တစ်ဧကစိုက်ပျိုးစရိတ်ငွေကျပ် နှစ်သိန်းခွဲခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကကို ၈ တင်းခန့်ထွက်ရှိပြီး ငါးသောင်းကျပ်ဖြင့်ရောင်းချရသည့်အတွက် အမြတ်အစွန်းအနည်းငယ် ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ အထွက်နှုန်းကောင်းမွန်ရန်နှင့် ဈေးကောင်းရရှိရန် တောင်သူများက မျှော်လင့်လျက်ရှိကြောင်းနှင့် မြို့နယ်မှ တာဝန်ရှိသူများအဖွဲ့ကလည်း ကျေးရွာများသို့ ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)