ရွှေတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကာယစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က အနာဂတ် မျိုးဆက်သစ် ကျောင်းသားလူငယ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကာယစွမ်းရည် ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ဉာဏစွမ်းရည်ပိုမိုဖွံ့ဖြိုးစေရန်၊ ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုး‌‌စေရန်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များနှင့် ပိုမိုရင်းနှီး၍ စာဖတ်ခြင်းအလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများကို  ရှင်းလင်းပြောကြားခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဆုရရှိသူများအား ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လွတ်လပ်ရေး၏သမိုင်းကြောင်း၊ လွတ်လပ်ရေး၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)