သရက်ချောင်း ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံ လုပ်ကိုင်နေသူများနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်အပင်များနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးကြရာ နှစ်ရှည်အပင်အဖြစ် ကွမ်းသီးအထွက်နှုန်းများသော ကာလကို ရောက်ရှိလာ၍ ကွမ်းသီးအလုံးနှင့် အခြမ်းများ ရောင်းချရာမှ စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိသည်။
သရက်ချောင်းမြို့နယ်၌ ကွမ်းသီးပင်စိုက်ပျိုးသည့် တောင်သူများသည် မိုးဦးကာလတွင် ကွမ်းသီးပျိုးပင်များ စိုက်ထည့်ရခြင်း၊ ကွမ်းသီးပင်ဖြစ်လာစေရန် အချိန်ကာလများစွာ ပျိုးထောင်ရကြောင်း၊ ရေလုံလောက်စွာပေးရခြင်း၊ ဓာတ်မြေသြဇာများ စနစ်တကျ ပေးရခြင်း၊ ကွမ်းသီးအမှည့်များကို မိုးနှောင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် အသီးများ စတင်ခူးကြောင်း၊ ကွမ်းသီးအထွက်နှုန်းများသောကာလ ဒီဇင်ဘာလသို့ ရောက်ရှိလာသောအခါ လူငှားများဖြင့်လုပ်ကိုင်ရကြောင်း သိရသည်။
ယခုအချိန်တွင် ကွမ်းသီးအထွက်နှုန်းများသော အချိန်ဖြစ်၍ သရက်ချောင်းမြို့ရှိ ကွမ်းသီးအဝယ်တိုင်များထံ ရောင်းချရာမှ ကွမ်းသီးအမှည့်တစ်ပိဿလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ် အထိသာရရှိပြီး ကွမ်းအခြမ်းတစ်ပိဿလျှင် ၄၂၀၀ကျပ်မှ ၄၅၀၀ကျပ်အထိသာ ရရှိပြီး အခုထက်စျေးနှုန်းပိုမိုရရှိရန် မျှော်လင့်ကြောင်း ဥယျာဉ်ခြံလုပ်ကိုင်နေသူတောင်သူ ဦးကြည်လွင်ထံမှ သိရသည်။
သားကြီး(သရက်ချောင်း)