မြို့သစ်တွင် အသိပညာပေးဟောပြောပွဲကျင်းပ

မြို့သစ် ဒီဇင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့က မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းခွဲသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်မှ ကလေးသူငယ်များ၏ အသက်အပိုင်းအခြားအလိုက် ရပိုင်ခွင့်နှင့် ဖွံ့ဖြိုးမှုဆိုင်ရာအခွင့်အရေးများကိုလည်းကောင်း၊ မြို့နယ်စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့ဝင် ဆရာကြီးဦးမြင့်ကြည်နှင့် ဆရာကြီးဦးတင်မောင်ဝင်းတို့မှ အသက်ရှင်သန်မှု ဆိုင်ရာ အခွင့်အရေးများ၊ ကလေးငယ်များနှင့် ပတ်သက်သည့် အခြေခံမူကြီး (၄)ရပ်၊ ကလေးသူငယ် အခွင့်အရေးများနှင့် စပ်လျဉ်းပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက အသိပညာပေး ဆွေးနွေးဟောပြောမှုအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ၊ မြို့နယ်စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့ဝင် ဆရာကြီးများ၊ တလုပ်ပင် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)