ကျန်းမာရေး၀န်ကြီးဌာနက ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်−၁၉ ပိုးတွေ့လူနာမရှိ

မကွေး စက်တင်ဘာလ ၂၂

ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်−၁၉ ပိုးလူနာ မတွေ့ရှိကြောင်း သိရသည်။

“ဒီကနေ့မနက် မင်္ဂလာသတင်းပါ၊ ထုတ်ပြန်ချက်အရ မကွေးတိုင်းမှာ ပိုးတွေ့လူနာမရှိပါဘူး၊ ဓာတ်ခွဲနမူနာတွေ ပို့ထားတာ ရှိသေးတယ်၊ မ‌နေ့က မနက်ရန်ကုန်ရောက်နေပြီ၊တိုင်းဒေသကြီးက ပို့ထားတဲ့ ဓာတ်ခွဲနမူနာ (၄၀၀)ကျော် ရှိပါတယ်၊ ခုညပိုင်းလောက်မှ အဖြေစထွက်မယ်ထင်ပါတယ်” ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါသည်။

“ကိုဗစ်−၁၉ ပိုး ပြည်တွင်းကူးဆက်မှု မြင့်မားနေတဲ့ အချိန်အခါဖြစ်တယ်၊ မကွေးတိုင်းမှာ များသောအားဖြင့် ရန်ကုန်ပြန်တွေနဲ့ ရခိုင်ပြန်တွေများပါတယ်၊ ပြည်သူတွေကို အဓိကပြောချင်တာက မလိုအပ်ရင် အပြင်ထွက်တာ၊ လူစုလူဝေးနေရာတွေ သွားတာ မလုပ်ဖို့၊ အပြင်ထွက်ရင် Mask တပ်ဖို့နဲ့ အိမ်ရောက်ရင် လက်ဆေးဖို့လိုပါတယ်” ဟု ၄င်းက ဆက်လက် ပြောကြားပါသည်။

ယခုအချိန်တွင် ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးလျှော့ချနိုင်ရန် အထိရောက်ဆုံး နည်းလမ်းမှာ မိမိနေအိမ်တွင်သာနေထိုင်ခြင်း ဖြစ်ကြောင်း၊ မဖြစ်မနေ ကိစ္စရပ်များအတွက် နေအိမ်ပြင်ပသို့ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို မဖြစ်မနေ အမြဲတပ်ဆင်ကြရန်လိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား ရှိပါသည်။

သန်းနိုင်ဦး(ငဖဲ)