လောင်းလုံးမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်စကားဝိုင်း ကျင်းပ

လောင်းလုံး ဒီဇင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ-ထ-က၊ လောင်းလုံး ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းကကျောင်းသား/သူ၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာဗဟုသုတဖွံဖြိုးတိုးတက်စေရန်၊ ပရိတ်သတ်ရှေ့တွင်ပြောရဲဆိုရဲသော သတ္တိများရရှိစေရန်၊ လူငယ်များအချင်းချင်း အသိပညာဗဟုသုများ ဖလှယ်တတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေနှင့် အတွေးအခေါ် မြှင့်မားလာစေရန် စသောရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့၍ အ-ထ-က၊ ကျောင်း အုပ်ဆရာမကြီးဒေါ်မျိုးမမထွန်းက ကျေးဇူးတင်စကားများပြောကြားသည်။

ထို့နောက် ​လူငယ်စကားဝိုင်းများကို စတင်ကာ အ-ထ-က၊ လောင်းလုံးကျောင်းမှ ကျောင်းသား /သူ(၄)ဦးတို့မှ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ဝါသနာ စသောခေါင်းစဥ်(၄)ခုဖြင့် ဦးဆောင်ဆွေးနွေးကာ ဦးစီးအရာရှိက Moderator အဖြစ်ဆောင်ရွက်ပေး၍ ဦးဆောင်ဆွေးနွေးမှုအပေါ်တက်ရောက်လာသူများကသိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများကဖြည့်စွက်၍ သုံးသပ်အကြံပြုပြောကြားပေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)