ပဲခူးမြို့၌ သာသနာလင်္ကါရအကျော်စာမေးပွဲတွင် အောင်မြင်တော်မူကြကုန်သော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဘွဲ့လက်မှတ်ဆပ်ကပ်ပူဇော်ပွဲနှင့် စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဒီဇင်ဘာ ၁၂

ပဲခူးမြို့ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ ကြီးမှူးကျင်းပသော သာသနာလင်္ကါရအကျော်စာမေးပွဲတွင်  အောင်မြင်တော်မူကြကုန်သော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဘွဲ့လက်မှတ်ဆပ်ကပ်ပူဇော်ပွဲနှင့် စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဗုဒ္ဓအသံဓမ္မဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဥပဒေချုပ် ဦးခင်မောင်တင့်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယ သာမဏေကျော်ကျောင်းတိုက် ဆရာတော် အရှင်ဝိစက္ခာဏာလင်္ကာရာဘိဝံသ မထေရ်မြတ်ထံမှ ငါးပါးသီလ  ခံယူဆောက်တည်ကြပြီး ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီး၏ အတွင်းရေးမှူး ဦးရွှေသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းနှင့်  ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

ထို့နောက် သြဝါဒစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာလင်္ကါရအကျော်စာမေးပွဲတွင် ဖြေ​ဆိုအောင်​မြင်တော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဘွဲ့လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက်   နိုင်ငံတော်သြဝါဒစရိယ သာမဏေကျော်ကျောင်းတိုက် ဆရာတော်‌  အရှင် ဝိစက္ခာဏာလင်္ကာရာဘိဝံသ မထေရ်မြတ်ထံမှ ​ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌထု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

 

အဆိုပါ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ ကြီးမှူးကျင်းပသော (၃၆) ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီးတွင် တစ်နိုင်ငံလုံးမှ သံဃာတော်၊ သီလရှင် စုစုပေါင်း (၁၁၄၄)ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး ပထအဆင့်တွင် (၃၇၅)ပါး၊ ဒုတိယအဆင့်တွင် (၇၂)ပါးနှင့် တတိယအဆင့်တွင်(၁၆)ပါး စုစုပေါင်း (၄၆၃)ပါး ဖြေဆိုအောင်မြင်‌‌ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ပြန်/ဆက်)