ဂန့်ဂေါမြို့ မြို့မရပ်ကွက်တွင် သက်ကြီးပူဇော်ပွဲကျင်းပ

ဂန့်ဂေါ ဒီဇင်ဘာ ၁၂

ဂန့်ဂေါမြို့ မြို့မရပ်ကွက် သက်ကြီးဘိုးဘွားများ ပူဇော်ရေးကော်မတီကကြီးမှူး၍ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့မစာသင်တိုက်၌ (၃၆) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ  မြို့ခင်းသာပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တဇဋိလ အမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူကြ၍ လယ်တီကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတိက္ခသာမိထံမှ ငါးပါးသီလကို ခံယူဆောက်တည် ကြသည်။

 “ယခင်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ အဂ္ဂမဟာပဏ္ဍိတ ပျံလွန်တော်မမူမီ ၁၉၈၅ ခုနှစ်က  ဖွဲ့စည်းထားရှိပြီး စတင်ဆောင်ရွက်ခဲ့သလိုပဲ အဆက်ဆက်သော သက်ကြီးဘိုးဘွားများ ပူဇော်ပွဲ ကော်မတီများက ဦးဆောင်ပြီးတော့ ကိုဗစ်-၁၉ ကာလ တစ်နှစ်မှအပ သက်ကြီးပူဇော်ပွဲကို နှစ်စဉ်ကျင်းပနိုင်ခဲ့ပါတယ်၊ အခုနှစ်မှာဆိုရင် အသက် ၈၀ နှစ်အထက်တွေဖြစ်တဲ့ အသက် ၉၀ ကျော် ၇ ဦးအပါအဝင် သက်ကြီးအဘိုးအဘွား ၅၁ ဦးတို့အပူဇော်ခံ တက်ရောက်ကြပါတယ်၊ ကြိုဆိုပို့ဆောင်ရေး၊ လိုအပ်သည်များကို ဆောင်ရွက်ရေးတို့အတွက် ရပ်ကွက်ရဲ့လူမှုရေး အဖွဲ့ဝင်များဖြစ်ကြတဲ့ မင်္ဂလာမောင်မယ်လူငယ်အဖွဲ့ဝင်များက  ဝိုင်းဝန်းဆောင်ရွက်ကြပါတယ်။ ကြွရောက်တော် မူလာကြတဲ့ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တတ်အား သရွေ့ လှူဒါန်းခြင်းအပြင် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၉ သောင်းတန်ဖိုးစီနဲ့ ဂါရဝပြုပြီး စေတနာရှင်များရဲ့ ထည့်ဝင်ငွေများဖြင့် ကံစမ်းမဲစနစ်ပါထည့်သွင်း ဂါရဝပြု လှူဒါန်းတာ ဖြစ်ပါတယ်’’ ဟု မြို့မရပ်ကွက် သက်ကြီးဘိုးဘွားများပူဇော်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ကြည်က ပြောသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲတွင် အသက် ၈၂ နှစ်ရှိ အဘိုး ဦးနိုင်ဦးနှင့် အသက် ၈၄ နှစ်ရှိ အဘွား ဒေါ်ဌေးစိန်တို့က ဆုပေးစကားများ ပြောကြားကြကြောင်းနှင့် လှူဒါန်းမှုများအတွက် ရေစက် သွန်းချကြကြောင်း သိရသည်။

တောင်သားမောင်သန်း