ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ စီးပွားဖြစ်စိုက်ပျိုးသည့် ဆောင်းသီးနှံ ထောပတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ထောပတ်ပဲသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး ထောပတ်ပဲသီးနှံဧက ၇၆၄၀ လျာထား စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများက ဒေသတွင်း ပဲမျိုးစုံသီးနှံထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောက်တိုဘာလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့ရာ  ယခုလ (၁၀) ရက်နေ့အထိ မြေပြင်စိုက်ပျိုးဧက ၇၇၃၂ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ၉၂ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုး ထားရှိသည့် ထောပတ်ပဲသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်၌ ဈေးကောင်းရရှိရန် ဒေသခံတောင်သူများက မျှော်လင့်လျက်ရှိနေကြကြောင်း သိရသည်။  

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တစ်မြို့နယ်လုံး ထောပတ်ပဲသီးနှံဧက ၇၆၄၀ လျာထားစိုက်ပျိုးရာမှာ ဒေသခံတောင်သူများရဲ့ ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်ခဲ့မှုကြောင့် မြေပြင်စိုက်ပျိုးပြီးစီးဧက ၇၇၃၂ ဧက စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုး နိုင်ခဲ့ပါတယ်။ ထောပတ်ပဲသီးနှံက ကျွန်မတို့ဒေသမှာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းတဲ့အပြင် ဈေးကောင်းလဲရရှိတာကြောင့် ဒေသခံတောင်သူတွေက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒေသခံတောင်သူ တွေကိုလဲ သီးနှံအထွက်နှုန်း တိုးပွားစေဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေကိုလဲ ကူညီဆောင်ရွက် ပေးထားပါတယ်။  အဓိကတော့ သီးနှံအရည်အသွေး ကောင်းမွန်အောင် မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးခြင်း၊ GAP စနစ်နဲ့ စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရာ၌ သဘာဝပိုးသတ်ဆေး ထုတ်လုပ်အသုံးပြုခြင်း၊ ရိတ်သိမ်းရာသီချိန်မှာ သီးနှံအထွက်နှုန်း လျော့နည်းကျဆင်းမှုမဖြစ်အောင် အချိန်မီရိတ်သိမ်းခြင်း စတဲ့နည်းစနစ်များကို အဓိကထားပြီးတော့ အသိပညာပေးလုပ်ငန်းများကို ကူညီ ဆောင်ရွက်ပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားသည်။

ပွင့်ဖြူမြို့နယ်သည် သီးနှံစိုက်ပျိုးမြေနှင့် စိုက်ပျိုးရေအဆင်ပြေမှုရှိသည့်အတွက် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို အဓိက အသက်မွေးဝမ်း ကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုလိုဆောင်းသီးနှံ စိုက်ပျိုးရာသီချိန်များ၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားရေးအတွက် ဈေးကောင်းရရှိသည့် ထောပတ်ပဲသီးနှံကို သီးသန့်စိုက်ပျိုးသည့်အပြင် အချို့တောင်သူများက နှစ်သီးစားဝင်ငွေရရှိစေရန်အတွက် အခြားဖူးစားပြောင်း၊ နေကြာစသည့် သီးနှံများနှင့် ရောနှော၍ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုအခါ တောင်သူများ ကြိုးပမ်းစိုက်ပျိုးခဲ့သည့် ဆောင်းသီးနှံ ထောပတ်ပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)