ငဖဲ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့မရပ်ကွက် ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင် တည်ရှိပြီး အရှေ့ဘက်ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်၊ သီးနှံများနှင့် မေမြို့ပန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရောင်းချနေရကြောင်း ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချသူ တောင်သူ ဒေါ်သင်းခိုင်ထံမှ သိရသည်။
သီတင်းကျွတ်လမိုးအကုန်တွင် သီးနှံမျိုးစေ့များကို စတင်ပျိုးထောင်ပြီး သီးနှံတစ်မျိုးချင်း အလိုက်ဘောင်ချ၍ မြေအောက်ရေသွင်းကာ စိုက်ပျိုးရောင်းချကြောင်း၊ သီးနှံမျိုးစေ့များကို မင်းဘူးမြို့မှ ဝယ်ယူပြီး ပန်းမျိုးစေ့ကို ယခင်နှစ်ကပန်းပင်မှ မျိုးစေ့ချန်ထားပြီး စိုက်ပျိုးကြောင်း၊ မိုးစပါးနှင့်အတူ ဆောင်းသီးနှံများအနေဖြင့် ပန်းမုန်လာ၊ ဂေါ်ဖီထုတ်၊ မုန်လာဥ၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ငရုတ်၊ နံနံပင်၊ ကိုက်လန်၊ ခရမ်းသီး၊ ကြက်ဟင်းခါး၊ ဖာလာချဉ်ပေါင်များ စိုက်ပျိုးကြောင်း၊ ဆောင်းသီးနှံပေါ်စ ခရမ်းချဉ်သီး တစ်ပိသာလျှင် ငွေကျပ် ၂၀၀၀ နှုန်း၊ ပန်းမုန်လာတစ်ပွင့်လျှင် ငွေကျပ် ၁၂၀၀ နှုန်း၊ ဂေါ်ဖီထုတ်တစ်ထုတ်လျှင် ၂၀၀၀ ကျပ်နှုန်း၊ မေမြို့ပန်း တစ်ပင်လျှင် ငွေကျပ် ၂၅၀ နှုန်းဖြင့် ဈေးကောင်းရောင်းချရ၍ ပိုမိုတွက်ချေ ကိုက်ကြောင်း၊ အခြားကျေးရွာများမှ ဆောင်းသီးနှံများ လှိုင်လှိုင်ပေါ်လာချိန်တွင် ဈေးအသင့်အတင့်ဖြင့် သာရောင်းချရကြောင်း၊ ကိုင်းမြေမှထွက်ရှိသည့် သီးနှံများကို ငဖဲမြို့မဈေးတွင် မိမိကိုယ်တိုင်ရောင်းချပြီး အခင်းသို့ဖောက်သည် လာဝယ်သူများ ရှိကြောင်း၊ ဆောင်းသီးနှံများနှင့် မေမြို့(ချင်းမိုင်)ပန်းများကို နေ့စဉ် ငွေကျပ်လေးသောင်းဖိုးခန့်ရောင်းချရလို့ အဆင်ပြေကြောင်း၊ ကိုင်းမြေတစ်ဧကမှာ ဆောင်းသီးနှံပြီး မိုးသီးနှံများအဖြစ် တိုင်ထောင်ပဲ၊ ပြောင်းဖူး၊ သခွားနှင့် ရုံးပတီများကို ရာသီအလိုက်စိုက်ပျိုးရောင်းချရလို့ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း တောင်သူဒေါ်သင်းခိုင်က ပြောကြားသည်။
ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိမ်းကျေးရွာများတွင် မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ ကိုင်းမြေများတွင် တစ်နိုင်တစ်ပိုင် ရာသီအလိုက် သီးနှံများ၊ မေမြို့ပန်း နှင့် ဂန္ဓမာပန်းများကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)