ဘောဂလိမြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ဘောဂလိ  ဒီဇင်ဘာ   ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်မြို့ဖြစ်ပြီး ဒေသနေပြည်သူအများစုမှာ တစ်ပိုင်တစ်နိုင်ဥယျာဉ်ခြံမြေ လုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက်ကွမ်းသီးအခြောက်များ ပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ကွမ်းသီးစိုက်ပျိုးသည့် ဒေသနေပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအတွက် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့်အချိန်မှစကာ အပင်သက်တမ်း (၆)နှစ်ကျော် (၇)နှစ်တွင် စတင်အပွင့်များထွက်ပြီး အသီးများသီးကာ အသီးရင့်မှည့်သည့် အောက်တိုဘာလမှ ဒီဇင်ဘာလတွင် ခူးယူလျက်ရှိကြောင်း၊ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို ခူးယူလေ့ရှိပြီး ယခင်နှစ်တွင် ကွမ်းသီးအခြောက်ပြောင်ဈေးတစ်ပိဿာ (၁၆,၀၀၀)ကျပ်၊ ပြောင်လတ်တစ်ပိဿာ (၁၄,၀၀၀) ကျပ်၊ ရွေးကျဲကြီးတစ်ပိဿာ (၁၆,၀၀၀)ကျပ်၊ ဓားခြစ်တစ်ပိဿာ (၇,၀၀၀)ကျပ်နှင့် ထောင်းကွဲတစ်ပိဿာ (၆,၀၀၀)ကျပ်ရရှိသဖြင့် ကွမ်းသီးခြောက်ပေါ်ချိန်တွင်မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

မူးလားလာ (ပြန်/ဆက်)