ရှမ်းရွာသစ် ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဝက်များဈေး ကောင်းပေးဝယ်နေ၍ ဝက်မွေးမြူသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့အတွင်းရှိ ဒေသနေပြည်သူအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ မိသားစု တစ်နိုင်တစ်ပိုင်အနေဖြင့် သားပေါက်ဝက်မဝယ်ယူကာ မွေးမြူလေ့ရှိပြီး (၄၅)ရက်သော ဝက်သားပေါက်အမ တစ်ကောင်လျှင် (၈၀၀၀၀)ကျပ်၊ အထီးတစ်ကောင်လျှင် (၁၀၀၀၀၀)ကျပ်ဖြင့် ပေးဝယ်ယူရပြီး ခြောက်လသားအရွယ်တွင် သားစပ်ပေးရကြောင်း၊ လေးလကြာလျှင် သားပေါက်လေ့ရှိပြီး သားဖောက်ဝက်မတစ်ကောင်လျှင် (၆)ကောင်မှ (၁၂)ကောင်ထိ ပေါက်လေ့ရှိကြောင်း၊ ဝက်ပေါက်စ(၄၅)ရက်သားတစ်ကောင်လျှင် (၈၀၀၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း၊ ဝက်စာအဖြစ် ဆန်၊ ဆန်ကွဲ၊ ငှက်ပျောပင်၊ ပိန်းပင်များကို ကျိုချက်၍ ကျွေး မွေးရကြောင်း ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင် ကြပြီး မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ကျွဲ၊ ကြက်ဆင်၊ ဘဲမွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိပြီး လယ်ယာမြေများအတွက် လိုအပ်သော သဘာဝမြေဩဇာများဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန်အတွက်လည်း တစ်ပိုင်တစ်နိုင်မွေးမြူခြင်းဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)