နတ်မောက် ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံနှမ်းလျင် (ဆောင်းနှမ်း) ကို စက်တင်ဘာလအတွင်းက စိုက်ပျိုးခဲ့ရာ နိုင်ဝင်ဘာနောက်ဆုံးပတ်မှစ၍ ရိတ်သိမ်း နေပြီဖြစ်ကြောင်း သိရသည်။
ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနှမ်းစိုက်ပျိုးရာတွင် ချုံကျော်၊ ခွေလေးနီ၊ နှမ်းနက်မျိုးများ စိုက်ပျိုးကြပြီး တောင်သူအများစုအနေဖြင့် ချုံကျော်နှမ်းမျိုးကိုသာ စိုက်ပျိုးကြသည်ကို တွေ့ရသည်။
တောင်သူများအနေဖြင့် လွန်ခဲ့သော (၃) နှစ်ခန့်ကစ၍ ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနှမ်းများကို ဂရုပြုစိုက် ပျိုးကြကြောင်း၊ မိုးနှမ်းလျင်ကဲ့သို့ ပေါင်းမြက်သုတ်သင်ရမှု ကင်းလွတ်ခြင်း၊ ပိုးမွှားရောဂါ အန္တရာယ်အတွက် ပိုးသတ်ဆေးမဖြန်းရခြင်း၊ မိုးရွာရန်မျှော်လင့်စရာမလိုခြင်း၊ ချုံကျော်နှမ်းမျိုး (အဖြူ) မျိုးသည် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အချိန်အထိ ရက်ပေါင်း ၈၆ ရက်ဖြင့် တောင်သူများ၏ ပုတ်ထဲခြင်းထဲအရောက် သိမ်းဆည်းရသဖြင့် ဆောင်းနှမ်းကို စိုက်ပျိုးရခြင်း ဖြစ်ကြောင်း သမှုန်းပင်ရွာမှ ကိုမောင်စိန်က ပြောသည်။
ယခုအခါ ပွဲရုံစျေးကွက်တွင် ဆောင်းနှမ်းဖြူတစ်ပိဿာကို ၅၀၀၀/မှ ၅၇၀၀ အထိ စျေးဖွင့် ဝယ်ယူနေကြောင်း သိရသည်။
မူမူစန်း