လိပ်သိုမြို့တွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး (ECCD) မူကြိုကျောင်းဆင်းပွဲ ပြုလုပ်

လိပ်သို  ဒီဇင်ဘာ ၁၂

ဂေခိုဂေဘားခရစ်ယာန်သာသနာနယ်၊ ခရစ်ယာန် ဓမ္မပညာဌာန၏ အစီအစဉ်ဖြင့် လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ ဖွင့်လှစ်သော အသင်းတော်အခြေပြု ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး (ECCD) မူကြိုကျောင်းဆင်းပွဲ  အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို  အဖီးနော်ဒေါလေ၏ ဆုတောင်းခြင်းဖြင့် စတင်ခဲ့ပြီး ကလေးသူငယ်များအား သင်ကြားပြသပေးခဲ့သော ဆရာမ(၂) ဦးအား ဂုဏ်ပြုစကားပြော ကြားခြင်း၊ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်း၊ အသင်းအုပ်ဆရာ စောမြင့်ထွန်းက တရားဒေသနာဖြင့် ခွန်အားပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် မူကြိုက‌လေးငယ် (၂၅) ဦးက ဆုတောင်းခြင်း၊ သမ္မာကျမ်းစာရွတ်ဆိုခြင်း၊ ကဗျာလင်္ကာများရွတ်ဆိုခြင်း၊ တေးသရုပ်ဖော်အကများဖြင့် မိဘများနှင့် ပရိသတ်များအား တင်ဆက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မူကြိုကလေးငယ် (၁၅) ဦးအား ဆရာမနောဟေးလ်ဒါက ဘွဲ့လက်မှတ်များ အပ်နှင်းပေးခြင်း၊ စိန့်ဗင်းဆင်းဒီပေါလ်(SSVP)အသင်းမှ ဆရာမနော်သိန်းခင်က မူကြိုကျောင်းအတွက် အကြံပြုစကားပြောကြားခြင်း၊ အားလုံးအတွက် ဆရာစောဂစ်(ပ်) စင်က အထူးဆုတောင်းပေးခြင်းတို့‌ ဆောင်ရွက်ခဲ့ပြီးနောက် မိဘများက မူကြိုကျောင်း သား/ ကျောင်းသူများအား ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)