လိပ်သို ဒီဇင်ဘာ ၁၂
တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်း N H (21) ကရင်ပြည်နယ် လိပ်သိုအပိုင်းရှိ လမ်းတစ်လျှောက်မှာ မိုးများသောတောင်ပေါ်ဒေသဖြစ်ခြင်း၊ အကွေ့အကောက်များခြင်း၊ လမ်းအနေအထားအရ (၂) ထပ်ကွေ့ (၃) ထပ်ကွေ့များရှိနေသောကြောင့် မိုးတွင်းကာလတွင် မိုးရေများ တိုက်စားခြင်း ၊ လမ်းပခုံးများ ပဲ့ကျခြင်း၊ တောင်နံရံများ လမ်းပေါ်သို့ ပြိုကျခြင်း၊ မြေလွှာနိမ့်ဝင်ခြင်းတို့ကြောင့် သွားလာအသုံး၍ ရနေသော်လည်း အဆင်ပြေချောမွေ့မှုမရှိကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
ယခုအခါ အဆိုပါလမ်းပိုင်းအား လိပ်သိုမြို့ လမ်းဦးစီးဌာနမှ တာဝန်ယူပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မိုင်တိုင်အမှတ် ၂၄/၇ မှ ၂၆/၀ မိုင်အကြား အရှည် (၉) ဖာလုံအား ရေလွှာပိတ်နိမ့်မြင့်ညှိကတ္တရာခင်းခြင်း လုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်၍ ပြည်သူများ ၊ ခရီးသည်ပို့ဆောင်ရေး ယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် မော်တော်ဆိုင်ကယ်များမှာ ယခုအခါ လမ်းအားအသုံးပြုရာတွင် ယခင်ကထက် ပိုမို၍ သွားလာသယ်ယူပို့ဆောင်မှုများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (ပြန်/ဆက်)