အမာမြို့အတွင်းရှိ သဘာဝဘေးဒဏ်သင့်အိမ်ထောင်စုများအား ကူညီထောက်ပံ့မှုများဆောင်ရွက်

အမာ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ နောက်မီးကျေးရွာအုပ်စုနှင့် ဒေါ်ညိမ်းကျေးရွာအုပ်စုများအတွင်း စက်တင်ဘာလ(၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့ သည့် လေပြင်းတိုတ်ခတ်ပြီး ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် အိမ်ထောင်စုများအတွက် ယမန်နေ့က ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ဘေးဒဏ်သင့်ပြည်သူတို့၏ လက်ဝယ်သို့ လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အမာမြို့၊ နောက်မီးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နေ့လယ်(၃)နာရီခွဲအချိန်က နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာတွင် (၂၀-၉-၂၀၂၀)ရက်နေ့က ပင်လယ်ဒီရေ မြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော  လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေစုစုပေါင်း(၄၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ စက္ကူပုံး(၈)ပုံးကိုလည်းကောင်း၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်း ကျေးရွာတွင် ပင်လယ်ဒီရေ မြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ဒေသ ပျက်စီးခဲ့သည့် လူနေအိမ်(၄၂)လုံး၊ အိမ်ထောင်စု (၄၂)စု၊ လူဦးရေစုစုပေါင်း (၁၇၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၆၁,၂၀၀)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၂၆၀,၀၀၀)ကျပ်ကို  ဖျာပုံခရိုင်၊ ဘေး/စီမံဌာနမှ ခရိုင်ဦးစီးမှူးဦးမော်နိုင်ထွန်း၊  အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့က သက်ဆိုင်ရာ လေဘေးသင့်ပြည်သူတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အလားတူ ဘဝသစ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်ပြီး ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် ယိုင်နဲ့ပျက်စီးခဲ့သည့် လူနေအိမ်(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေစုစုပေါင်း(၆၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၄၂,၈၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၂၄၀,၀၀၀)ကျပ်ကိုလည်းကောင်း၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဗန္ဓာပင်ကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေစုစုပေါင်း(၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ စက္ကူပုံး(၁)ပုံးအား သက်ဆိုင်ရာတာဝန်ရှိသူတို့၏ ရှေ့မှောက်၌ လေဘေးသင့်ပြည်သူတို့၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်လေး(အမာ)