အမာ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာ၌ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် မိုးသက်လေပြင်း တိုက်ခတ်ပြီး ပင်လယ်ဒီရေများ မြင့်တက်လာခြင်းကြောင့် လူနေအိမ်(၃)လုံး တစ်စိတ်တစ်ဒေသ ပြိုကျပျက်စီးခဲ့ ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မင်္ဂလာသောင်တန်းကျေးရွာတွင် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ်(၃)လုံး၏ အိမ်ရှေ့ ခြမ်း၊ ဘေးအကာများ၊ အောက်ကြမ်းခင်းများ ပြိုကျပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ (၄)သိန်း(၂)သောင်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်သေကြေပျက်စီးမှု မရှိကြောင်း သိရသည်။
သဘာဝဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု(၃)စု၊ ကျား(၄)ဦး၊ မ(၃)ဦးလူဦးရေ စုစုပေါင်း(၇)ဦး တို့မှာ ၎င်းတို့၏ ဆွေမျိုးများ ထံတွင် ပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း သိရသည်။
နော်လေး(အမာ)