ပွင့်ဖြူ ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသအချို့တွင် ရာသီစာ အညာဒေသထွက် ထန်းပင်မြစ် စိုက်ပျိုးရောင်းချသူများနှင့် တစ်ဆင့်ခံဖောက်သည်ဝယ်ယူရောင်းချလုပ်ကိုင်ကြသူများ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
တစ်ပိုင်တစ်နိုင် ရာသီစာ အညာဒေသထွက် ထန်းပင်မြစ်စိုက်ပျိုးရောင်းချခြင်းကို ပွင့်ဖြူမြို့နယ် ထန်းအိုင်ကျေးရွာ၊ ကနီကျေးရွာ၊ အင်းကုန်း(အရှေ့)ကျေးရွာ၊ အင်းကုန်း(အနောက်)ကျေးရွာနှင့် ထူးကျေးရွာတို့တွင် ဒေသခံကျေးလက်နေပြည်သူများက အများဆုံးစိုက်ပျိုးကြပြီး ပွင့်ဖြူမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
အဆိုပါ ထန်းပင်မြစ်စိုက်ပျိုးရန်အတွက် ထန်းသီးစေ့အရင့်များကို ဝါဆိုလနှင့် ဝါခေါင်လတို့တွင် မြေကျင်းများတူ၍ မြှုပ်ပြီးစိုက်ပျိုးကာ တန်ဆောင်မုန်းလဆန်းပိုင်းလောက်တွင် ထန်းပင်မြစ်တူးဖော်ရရှိပြီး တစ်ချောင်းလျှင် လက်လီဈေး ၁၅၀ ကျပ်နှုန်းဖြင့် ရောင်းချရကြောင်း ၊ ဖောက်သည်ဈေးက တစ်ချောင်းကို ငွေကျပ် ၁၀၀ ဈေးဖြင့် ရောင်းချရကြောင်းနှင့် စိုက်ပျိုးထုတ်လုပ်သည့် ထန်းပင်မြစ်ကျင်း အနည်းအများပေါ်မူတည်ပြီး တစ်နှစ်လျှင် ထန်းပင်မြစ်ရောင်းရငွေ တစ်သိန်းခွဲ၊ နှစ်သိန်းခန့်ရရှိ၍ မိသားစုအပိုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အင်းကုန်း(အရှေ့)ကျေးရွာမှ ထန်းပင်မြစ်စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
ထန်းပင်များသည် အပင်တစ်ပင်လုံးတွင် ဝင်ငွေရရှိသည့်အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးကာ ထန်းရွက်သည် နေအိမ်များနှင့် နွားတင်းကုတ်များ ဆောက်လုပ်ရာ၌ အမိုးအဖြစ် အသုံးပြုနိုင်ပြီး ထန်းလက်များကို ထန်းလျှော်၊ ထန်းခေါက်တောင်း၊ ထန်းခေါက်ဖာ၊ ကုလားထိုင်နှင့် လူသုံးကုန်ပစ္စည်းအဖြစ် ပြုလုပ်ရောင်းချနိုင်ခြင်း၊ ထန်းရည်မှ ထန်းလျက်ချက်၍ ရောင်းချနိုင်ခြင်း၊ ထန်းသီးဆန်နုများကို စားသောက်ဖွယ်ရာအဖြစ် ပြုလုပ်ရောင်းချခြင်း၊ ထန်းသီးဖက်(အကာ)ကို ကျွဲ၊ နွား တိရစ္ဆာန်အစာအဖြစ် ကျွေးမွေးနိုင်ခြင်း၊ ထန်းပင်(ပင်စည်)ကို အဆောက်အအုံများဆောက်လုပ်ရာ၌ အသုံးပြု၍ရခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သဖြင့် အညာကျေးလက်ဒေသများရှိ ထန်းတောင်သူများကို များစွာအကျိုးပြုပေးလျက်ရှိနေကြောင်း သိရသည်။
လှိုင်ဝင်းလေး