လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၌ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းသရုပ်ပြ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံ-လှိုင်းဘွဲကားလမ်းမကြီး လမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

ဘားအံ ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများ ဓာတ်မြေဩဇာအလွန်အကျွံသုံးစွဲခြင်းကိုလျှော့ချ၍ သဘာဝမြေဩဇာများ အစားထိုးပြောင်းလဲသုံးစွဲလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က လှိုင်းဘွဲမြို့နယ်၊ သမ္မာန်ကျေးရွာရှိ သီးနှံအလိုက် အထွက်နှုန်းထူးချွန်ဆုရရှိခဲ့သော တောင်သူဒေါ်မုထူး၏ ရတနာရွှေထူးဆန်စက်၌ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ကျင်းပခဲ့သည်။

သရုပ်ပြပွဲတွင် ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ဘားအံခရိုင်အတွင်း ဓာတ်မြေဩဇာသုံးစွဲမှု ကုန်ကျစရိတ်(ခန့်မှန်း)၊ တစ်ဧကအထွက်နှုန်း၊ အကျိုးကျေးဇူးနှင့် ဘေးထွက်ဆိုးကျိုးများ၊ သဘာဝမြေဩဇာထုတ်လုပ်အသုံးပြုနိုင်ရေးနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပြီး ယခင်နှစ် နွေစပါးစိုက်ပျိုးမှု၌ သဘာဝမြေဩဇာများကိုအသုံးပြု၍ စိုက်ဧက(၃)ဧကတွင်(၁၃၂)တင်းဖြင့် အထွက်နှုန်းထူးချွန်ဆုရရှိခဲ့သော တောင်သူဒေါ်မုထူးက လယ်ယာထွက်အမှိုက်များကို သဘာဝမြေဩဇာအဖြစ် ပြုပြင်ပြောင်းလဲအသုံးပြုခဲ့ပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တောင်သူများအနေဖြင့် မြေလွတ်မြေလပ်မကျန် သီးထပ်သီးညှပ်များဖြင့် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် စားဝတ်နေရေးဖူလုံရေးအတွက် စဉ်ဆက်မပြတ်အားပေးကူညီသွားမည်ဖြစ်ပြီး တောင်သူများအနေဖြင့်လည်း အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်း၊ ယခုအခါ ဓာတ်မြေ ဩဇာဈေးနှုန်းများမြှင့်တက်လျက်ရှိပြီး လယ်ယာမြေများ၏ မြေဆီလွှာအရည်အသွေးကောင်းမွန်၍ အပင်အာဟာရဓာတ်များ လုံလောက်စွာရရှိစေရေးနှင့် အထွက်နှုန်းကောင်းများရရှိစေရေးအတွက် ဓာတ်မြေဩဇာသုံးစွဲခြင်းကိုလျော့ချ၍ သဘာဝမြေဩဇာများကို တွင်ကျယ်စွာအစားထိုးအသုံးပြုမှသာ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာများကို ဓာတ်မြေဩဇာများဖြင့်တွဲဖက်၍ အချိုးကျသုံးစွဲခြင်းဖြင့် တောင်သူများ ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တောင်သူဒေါ်မုထူးက ၎င်းကိုယ်တိုင်ပြုလုပ်သုံးစွဲခဲ့သော ကြက်ချေး၊ နွားချေး၊ စပါးခွံ(အဆွေး)၊ ဖွဲနု၊ ဖွဲပြာ၊ ပဲဖက်၊ ကျောက်မှုန့်တို့ကိုအသုံးပြု၍ သဘာဝမြေဩဇာပြုလုပ်သုံးစွဲပုံအဆင့်ဆင့်တို့ကို သရုပ်ပြသခဲ့ပြီး တက်ရောက်လာသော ထီလုံ၊ သမ္ဘာန်၊ နောင်သငဲ့၊ သပုထိုကျေးရွာများမှ တောင်သူဦးကြီးများက သိရှိလိုသည်များနှင့် မရှင်းလင်းသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဘားအံ-လှိုင်းဘွဲကားလမ်းမကြီး လမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲလမ်း (၇ ဒဿမ ၃၉၉)ကီလိုမီတာမှ (၉ ဒဿမ ၃၉၉) ကီလိုမီတာထိ နှစ်ကီလိုမီတာအရှည်၊ မူလကတ္တရာလမ်းအား (၁၀ ဒဿမ ၉၇)မီတာအကျယ် Well-graded Crushed Rock ဖြင့် ၂၀၀ မီလီမီတာထုBase Course ခင်းခြင်း၊ ၅၀ မီလီမီတာထု AC ကတ္တရာကွန်ကရစ်ခင်းခြင်းနှင့် တစ်ဖက်တစ်မီတာအကျယ် အမာခံလမ်းပုခုံခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုက လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း