MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ထွက်ခွာ

ကော့သောင်း ဒီဇင်ဘာ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား(၁၀၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီတစ်ခုဖြစ်သည့် Top Choice  Manpower Co,Ltd မှ ထိုင်းနိုင်ငံရှိ Sino Thai Engineering & Construction Co,Ltd သို့ အမျိုးသားအလုပ်သမား(၁၀၀)ဦး ကို (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှ တဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်းအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ရာ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနကော့သောင်းခရိုင်ရုံး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် တာဝန်ရှိအဖွဲ့အစည်းများက လို့အပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီ တာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့်ကုမ္မဏီသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)