မင်းဘူး ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး(၄၆)ကြိမ်မြောက် မဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကျင်းပရန်အတွက် ဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲကို စက္ကိန်းတဲဘုရားရင်ပြင်ပေါ်ရှိနန်းထိုက်ဓမ္မာ၌ ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနား တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မင်းဘူးမြို့ မဟာဝိသုတာ ရာမတိုက်သစ်ကျောင်း နိုင်ငံတော်ဗဟို ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တ ဉာဏိက ဆရာတော်အရှင်သူမြတ်က ဩဝါဒစကား ချီးမြှင့်ပေးတော်မူသည်။
ထို့နောက် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖြစ် မြောက်ရေးကော်မတီနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ ရှင်ပင်စက္ကိန်းတဲ ဘဏ္ဍာထိန်း ဂေါပကဥက္ကဌ ဦးကျော်သိန်းတို့က (၄၆) ကြိမ် မြောက် မဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ပဌာန်းသိမ်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်လှူပွဲ၊ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည့်ရက်များကို လျှောက်ထား၍ ဩဝါဒခံယူခဲ့ကြသည်။
အဆိုပါ လျှောက်ထားမှုများအပေါ် ဩဝါဒဆရာတော်ကြီးများက ဗုဒ္ဓပူဇနိယပွဲတော်သည် ကျင်းပခြင်း မရှိသည်မှာကြာပြီဖြစ်၍ အခက်အခဲများရှိနိုင်ကြောင်း သို့ပါ၍ ဂေါပကအဖွဲ့ဝင်များနှင့် ပွဲတော် ဖြစ်မြောက်ရေးကော်မတီတို့ ပူးပေါင်း၍ ဘုရားဖူးပြည်သူများနှင့် ဗုဒ္ဓပူဇနိယပွဲတော်အား အေးချမ်းပျော်ရွှင်စွာ လာရောက်ကြည့်ရှုအပန်းဖြေနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ မိန့်ကြားတော်မူပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဇေယျာထက်(မင်းဘူး)