ဆိပ်ဖြူ ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် သီရိမင်္ဂလာ အန္တရာယ်ကင်းရန်စွယ်ရှင်းကောင်းခြင်း ပြည့်စုံသဲစေတီ၏ (၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းလောင်းလှူပူဇော်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်(နတ်တော်လပြည့်ကျော် ၄ ရက်)နေ့နံနက် ၉ နာရီက ချောင်းမကြီးကျေးရွာ၏ အရှေ့ဘက် ယောချောင်းအတွင်းရှိ သီရိမင်္ဂလာ အန္တရာယ်ကင်း ရန်စွယ်ရှင်း ကောင်းခြင်းပြည့်စုံ သဲစေတီ၌ ကျင်းပပြုလုပ်သည်။
သီရိမင်္ဂလာ အန္တရာယ်ကင်းရန်စွယ်ရှင်း ကောင်းခြင်းပြည့်စုံသဲစေတီကိုလွန်ခဲ့သော နှစ်ပေါင်း (၈၉)နှစ် ကိုလိုနီခေတ်မှ စတင်၍ ကျေးရွာ၏ဘုန်းတော်ကြီး၊ ကျေးရွာသူကြီးနှင့် ရပ်ရွာမှ လေးစားအပ်သောလူကြီး (ကြီးသုံးကြီး)က ဦးဆောင်၍ ရပ်ရွာသူရွာသားများ ပူးပေါင်းကာ ကိုးတောင်ပြည့် သဲစေတီကို နှစ်စဉ်တည်၍ ပူဇော်ခဲ့ကြောင်းသိရသည်။
နိုင်ငံတစ်ဝှမ်းလုံး ကိုလိုနီအုပ်ချုပ်မှုစနစ်အောက်မှ လွှတ်မြောက်ရန် အဖက်ဖက်မှ တွန်းလှန်တိုက်ထုတ်နေသည့် မျိုးချစ်တိုင်းရင်းသား ညီအကိုမောင်နှမများသည် ရှေးတဘောင်စာဆိုအရ ဘုရားကလေးငယ်ငယ်၊ ကိုးတောင်ပြည့်စေတီတည်၊ ငယ်သာ ငယ်ကယ်ဆယ်မည့်ဘုရား အန္တရာယ်ကင်းရန်စွယ်ရှင်းစေသားဟု တဘောင်စာဆိုနှင့်အညီ ကိုလိုနီခေတ်တွင် ဗြိတိသျှအစိုးရက ဘုရားဉာဏ်တော် ကိုးတောင်ပြည့် တည်ထားခြင်းများကို တားဆီးပိတ်ပင်အရေးယူမှုများရှိခဲ့သည့်အတွက် စေတီတော်၏ ဉာဏ်တော်ကို ပေ/လက္မ တို့ဖွဲ့ တွက်ချက်ပြီးပြောဆိုပြီး ကိုးတောင်ပြည့် သဲစေတီကို တည်ထားပူဇော်ခဲ့ကြကြောင်း သက်တော်ရှည် ကျေးရွာမှ ဆရာတော်ဘုရားကြီး ဆရာတော် ဦးဇဋိတ ဘဝနတ်ထံမပျံလွန်မီအချိန်က မိန့်ဆိုမြွက်ကြား၍ သိရှိရကြောင်း၊ ယခု(၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းလောင်းလှူပူဇော်ပွဲကို ရပ်ရွာသူ/ရပ်ရွာသားများက ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပြီး ဘုရား၊တရားအပါအဝင် ဆရာတော်သံဃာတော်(၄၅)ပါး ပင့်လျှောက်၍ ဆွမ်းလောင်းလှူပူဇော်ပွဲကို ဆောင်ရွက်ခဲ့ကာ သီရိမင်္ဂလာအန္တရာယ်ကင်း ရန်စွယ်ရှင်းကောင်းခြင်းပြည့်စုံသဲစေတီ၏ သံဃဒါန ဆွမ်းလောင်းလှူပွဲသို့ ကျေးရွာသူ ကျေးရွာသားများ အပါအဝင် ရပ်နီးရပ်ဝေးမှ ဆွေးမျိုးမိတ်ဆွေများ လာရောက်၍ ဆွမ်း၊ ဝတ္ထုဘောဇဉ်များလောင်းလှူ ပူဇော်ကြကြောင်း ချောင်းမကြီးကျေးရွာ သီရိမင်္ဂလာ အန္တရာယ်ကင်းရန်စွယ်ရှင်းကောင်းခြင်း ပြည့်စုံသဲစေတီ၏ ဂေါပကအဖွဲ့ဝင် ဦးအောင်ရှိန်ကပြောကြား သိရှိရသည်။
ကိုဇွဲ(အညာမြေ)