လွိုင်ကော် ဒီဇင်ဘာ ၁၁
ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့ သွားရောက်ပြီး သင်တန်း တက်ရောက်လျက်ရှိသော တိုင်းရင်းသား သင်တန်းသား/သင်တန်းသူများ အင်အားဖြည့် စားသောက်နိုင်ရန် ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ အားပေးစကား ပြောကြားရာတွင် “၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် လေ့ကျင့် သင်ကြားနေကြသည့် သင်တန်းသား၊ သင်တန်းသူများသည် အခြေခံပညာနှင့် အားကစားကို ပေါင်းစပ်လေ့ကျင့်သင်ကြားလျက်ရှိကြပြီး ကြံခိုင်မှုပိုမိုရှိလာစေရန်နှင့် အဟာရ ပိုမိုပြည့်ဝစွာ စားသောက်နိုင်ရန်အတွက် ထောက်ပံ့ငွေနှင့်ဆန်များပေးအပ်ရခြင်းဖြစ်ကြောင်း ၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အခြေခံပညာနှင့် မိမိရွေးချယ်ထားသည့် အားကစားနည်းများအလိုက် အကောင်းဆုံး ရည်မှန်းချက်ထားရှိပြီး ထူးချွန်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ ထို့အပြင် သင်တန်းအလိုက် ချမှတ်ထားသည့် စည်းကမ်းများကိုလည်း တိကျစွာ လိုက်နာကြရမည် ဖြစ်ကြောင်း၊ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်မည့် သားကောင်း၊ သမီးကောင်းများဖြစ်အောင် ကြိုးစားကြရန် အထူးအရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံး၊ ပြေးခုန်ပစ်၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ အားကစား နည်းများမှ သင်တန်းသား၊ သင်တန်းသူများကို တစ်ဦးချင်း အခက်အခဲများကိုမေးမြန်းပြီး အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် ဆန်များကိုပေးအပ်ရာ ဒုတိယကျောင်းအုပ် ဦးဇော်မင်းထွေးက လက်ခံရယူခဲ့ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတင်ဆက်မည့် ကယားပြည်နယ်ကိုယ်စားပြု တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များက လွိုင်ကော်ခရိုင်စုပေါင်းရုံး၌ အင်တိုက်အားတိုက် လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အကအဖွဲ့နည်းပြများနှင့် အကအဖွဲ့ဝင်များအတွက် ချီးမြှင့် ငွေများကို ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
ကိုဇင်(လွိုင်ကော်)