မြင်းမူမြို့နယ်တွင် ဝါဈေးကောင်း၍ စိုက်ပျိုးရောင်းချသူများအဆင်ပြေ

မြင်းမူ ဒီဇင်ဘာ ၁၁

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများ စတင်ကောက်ယူရောင်းချလျက်ရှိရာ ယမန်နှစ်ထက် ဈေးအနည်းငယ်ပိုမိုရရှိသည့်အတွက် ဝါစိုက်ပျိုးတောင်သူများအတွက် အဆင်ပြေကြောင်း သိရှိရသည်။

မြင်းမူမြို့နယ်တွင်   ယမန်နှစ်က ဝါစိုက်ဧက(၁၇၄၀၀)သာ ရှိခဲ့သော်လည်း   ယခုနှစ်တွင် (၁၇၄၄၁)ဧက စိုက်ပျိုးနိုင်သည့် အတွက်(၄၁)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊  ဝါထွက်နှုန်းအနေဖြင့် ပျှမ်းမျှအားဖြင့်(၁)ဧကလျှင် ပိသာ(၆၅၀)မှ(၇၀၀)ထိ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရှိရသည်။

ဝါများကို ဇူလိုင်လနှင့်ဩဂုတ်လများတွင် စိုက်ပျိုးပြီး    နိုဝင်ဘာလနှင့်အောက်တိုဘာလတွင် ဝါများကောက်ယူရကြောင်း၊ ဝါ(၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၅)သိန်းခန့်ကုန်ကျကြောင်း၊ ယခုလက်ရှိဈေးအနေဖြင့် ဝါ(၁)ပိသာလျှင် ငွေကျပ်(၂၇၀၀) ဈေးရောင်းချရကြောင်း၊ (၁)ဧကထွက်ရှိမည့် ဝါပိသာချိန်(၆၅၀/၇၀၀)နှင့်တွက်ပါက  ငွေကျပ်(၁၇)သိန်းကျော် (၁၈)သိန်းခန့် ရှိမည်ဖြစ်ရာအရင်းနှုတ်ပြီးအမြတ်ငွေကျပ် (၁၀)သိန်းကျော်ရမည်ဖြစ်ကြောင်း၊   ဝါများလာရောက်ရောင်းချနေသူတောင်သူ   ဦးခင်မောင်ထူးထံမှ သိရှိရသည်။    ဝယ်ယူရရှိသည့်  ဝါများကိုခြောက်သွေ့စေခြင်း၊ သန့်စင်မှုပြုလုပ်ခြင်း နောက်ဆုံးတွင် ဖိစက်ဖြင့် ဘေထုတ်များပြုလုပ်ကာ မှာယူသည့်စက်ရုံများသို့ တိုက်ရိုက်တင်ပို့လျှက်ရှိသည့်အပြင် ရံဖန်ရံခါတရုပ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရသည့် အခါများလည်းရှိကြောင်း ဝါဝယ်ယူသည့်စက်ရုံပိုင်ရှင်ထံမှ သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)